သောက မျက်ရည်
---**---**---
မင်း မမြင်ခဲ့တာပါ
တချိန်က မင်း မြတ်နိုးခဲ့တဲ့
ငါ့ မျက်ဝန်းတွေထဲမှာ
အခုတော့ . . .
ဥပေက္ခာ တခုရဲ့ ဒဏ်ကြောင့်
ရစ်ဝိုင်း ညိုမှိုင်းနေတဲ့
မျက်ရည်တွေလေ …..
ရွာချ ချင်ခဲ့ပါတယ်
ဒီအပူတွေ သိမ်းဆည်းရတာ
ပူတာထက် ပိုပူသလိုပဲ
ရင်ခုန်ခဲ့ဖူးတဲ့
ငွေရောင်လမင်း ရဲ့ အလင်းရောင်အောက်က
ပျော်ရွှင်စရာအချိန်တွေလည်း
အခုတော့
အရောင်မှိန် ပန်ုးချီကား တစ်ချပ်လိုပါပဲ
အရာရာ မှုန်ဝါးဝါးနဲ့
တကယ်တော့
ငါ့ မျက်ဝန်းမှာ
ရွာမချနိုင်တဲ့ တိမ်တိုက်တွေ အုံ့မှိုင်းနေကြတာလေ … ။
နေ၀န်း
၂၀ . ၀၈ .၂၀၀၈
စွန့်ခွာသွားသော နွေရက်များဆီသို့
ဆရာဇော်ဂျီ ၏ ညီသစ်ဆင်း ကဗျာစု မှ
စွယ်စုံအလှ
ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ ၊ တော်သနည်း ။
တော်သည်ခြင်းရာ ၊ ဆိုသည်မှာကား
လက်ရာဆန်းသစ် ၊ ခေတ်မီဆန်းပြား
တိုင်းခြားနည်းစုံ ၊ အဖုံဖုံကို
တတ်ရုံမျှဖြင့် ၊ မပြီးသေး ။
တို့မြေ တို့ရေ ၊ တို့ အခြေနှင့်
တို့ငွေ တို့အား ၊ တို့ စိတ်ထားနှင့်
စည်းဝါးကိုက်ညီ ၊ ညှိကြံစည်မှ
တော်သည် ယူဆ စွယ်စုံလှ ။ ။
( ဇော်ဂျီ )
ကာရံ မဲ့ည
နောက်ဆုံးတော့လည်း
သူစိမ်း အမှောင်တွေနဲ့ပဲ
နှစ်းပါးသွား ကခဲ့ရပေါ့ . .
ဒီညရဲ့ ဇာတ်သိမ်းခန်းကို
မီးရောင် မှိန်မှိန်တွေက
မှိုင်းပြပြ လင်းရင်း
လိုက်ကာချလိုက်တယ်
ကျေး - ဇူး - တင် - ပါ - ခင် - ဗျား . .
အလင်း မင်းသမီးက
နောက်ည အတွက်
တောက်တောက်ပပ ခြယ်သနေပြီ .
အင်း . .
ဒီဇာတ်ခုံပေါ်က သက်ပျင်းတွေ
ဘယ်လိုမိုးတွေ ရွာချမှ
စိမ်းမြလာမလဲ . . . ။
နေဝန်း
ချစ်လှစွာသော သူငယ်ချင်း အတွက် ……
ဘဝ
--***--
မောင်ကြီးခူးပေး
စံပယ် လေးပွင့်
ဆင်မြန်းကေသာ
ပန်ချင်ပါလည်း
ဆိုးလှကြမ္မာ
မပန်သာသည်
မယ့်မှာကေသာ ကတုံးမှို့ . . ။
နေ၀န်း
အိပ်မက်
တောင်သမန်အင်း ရဲ့ လေညှင်းဆော်သံ ၊
ပြီးတော့ . .
ပုဂံပြည် ရဲ့ လမိုက်ညများ
ခေါင်းပါးသွားတဲ့ သံလွင်လှိုင်း
ခပ်ရိုင်းရိုင်း ဖူးပွင့်ခဲ့တဲ့
တွယ်ရာမဲ့ ရင်ခွင်တစ်စုံ
ပြန်လှည့်ကြည်တော့
မှုန်ရီရီ အလွမ်းတွေ ပါပဲ . .
ဒီ လှိုင်းတွေကြားမှာ …
ငါတို့ ဝေးကွာခဲ့ကြတာ
နွေဦးတွေတောင် ကြွေလုပြီလေ . .
အလင်း မဲ့ ညတိုင်း
အိပ်မက်တွေ တဝက်တပြတ် နဲ့
တမ်းတစွာ လွမ်းခဲ့ရတယ် . .
ဝေး ခဲ့ ပါ ပြီ ……
တစ်ခုသော နွေဦးရဲ့ လေရူးတွေကြားမှာပေါ့
ယစ်မူး လူးလွန့်ရင်း
ရင်ကို ဖြတ် မြစ်တစ်ဆင်း လှိုင်းခတ်သွားပြီးပြီ . .
အဲ ဒါ လေ ..
ဇာတ်သိမ်းမလှတဲ့
ငါ့ အိပ်မက် လှလှလေး . . ။
နေဝန်း
အလွမ်း ခရီးသည်
အတိတ်ရဲ့ မျက်ခင်းပေါ်
ကောင်းကင် ရှိုက်သံတွေဖုံး
တိမ်လုံးဝ ကင်းစင်တော့မှ
ပင်လယ်က အရယ်ရပ်လိုက်တယ် ..
အပြာရောင် လေညှင်းက
နေညိုချိန် အလွမ်းကို ဂုဏ်ပြုလိုက်တာ
ကျဆုံးခန်းက
တခမ်းတနားပေါ့ ၊
ကောင်မလေး ရေ . .
ငါ့ မျက်ရိုင်းလွင်ပြင် မှာတော့
အချိန်မတန်ဘဲ
ကြယ်တွေ တဝုန်းဝုန်းနဲ့ ခုန်ဆင်းနေကြပြီ ၊
ဒီလိုနဲ့ . .
ပင်လယ် က ငို နေ ညိုသွားရင်
မင်း မျက်ဝန်း ညိုညိုတွေကို
တမ်းတမ်းတတ လွမ်းရအုံးမယ် ၊
အဲဒီ အလွမ်းတွေပိုက်ရင်း
ဟိုအဝေးက အိပ်တန်းကို
ဘယ်လို တောင်ပံ တွေနဲ့
ငါ . ပျံသန်းရမလဲကွယ် . . ။
နေဝန်း
ဆောင်းည အိပ်မက်
တိတ်ဆိတ်မှုတွေနဲ့ ညထဲ
အမှောင်ကို အန်တုရင်း
ပိုးစုန်ကြူးတို့ မှိတ်တုန့် မှိတ်တုန့် လင်းလို့ ၊
မေရေ ..
ဒီ အမှောင်ညတွေမှာ
နွမ်းလျလျ အလွမ်းနဲ့
ပြင်းပြင်းရှရှ တမ်းတလျှက်ပါ ၊
ဒီဆောင်းကုန်ရင်တော့
တောင်လေရူးတွေထဲ
( မေ့ရဲ့ ) ချိုရှရှ အနမ်းတွေ ပါလေမလားလို့
တံခါးဖွင့်ပြီး မျှော်ရအုံးမယ် ၊
အဲဒီအချိန်ဆို
မြင်းရိုင်းတွေတောင် အိမ်ပြန်လုပြီလေ ..
မြက်ရိုင်းတွေကတော့
လက်တွေ လှုပ်ရမ်းပြီ မျက်ရည်စီးတွေနဲ့ပေါ့ ၊
ဘာပဲဖြစ်ဖြစ်
မောင် မျှော်နေမိမှာပါ ..
လရောင်အောက်မှာ
မြင်းရိုင်းတွေလို ခုန်ပေါက်ပျော်မြူး ရမဲ့အချိန်ကိုပေါ့
မျှော် - နေ - မိ - မှာ - ပါ ။ ။
နေဝန်း
၀၆.၀၁.၂၀၀၈
ကဗျာလေးနဲ့ကခုန်ကြည့်ပါအုံး …
ကာလအတော်ကြာကထဲက ရွေ့လျားမှု့ရပ်တန့်ခဲ့ပြီဖြစ်သော ကြယ်များ၏ ရာဇဝင်
-----**-----**-----
ကြယ်သီချင်း နဲ့ လမင်းသံစဉ်ကို
ဆန်ဖွတ်တဲ့ အဖိုးအိုက
သူတီးခတ်သတဲ့ ..
ပိုးဖဲကတ္တီပါကြားမှာ
သိုးဆောင်းဂစ်တာတစ်လက်
အဖိုးအိုက
သူဝှက်ထားသတဲ့ ..
တကယ်တော့
ငါကြားတဲ့ သံစဉ်က အတုတွေ
ရွေ့လျားမှု့မှမရှိတော့တာ . . ။
နေဝန်း
တစ်ပြည်သူ မရွှေထား မှ ..
နွေဦးကဗျာ
မောင့်ထားသခင်… မြစိမ်းရှင်ထံ
သနားခွင့်ထူး
မပန်ဘူးပါ
နွေဦးအတိတ်
ချစ်နမိတ်ဟု
ဖိုလ်ဟိတ်ထင်မှတ်
သည်လွမ်းဇာတ်က
ထုပ္ပတ်စတင်
ဦးမှာပင်က
သက်ငင်ရွက်တို့
ကြွေသောလ . . ။
( တက္ကသိုလ်ဘုန်းနိုင် )
မျက်ရည်လောကများ၏ဟိုမှာဘက်
ပန်းချီထူးနှင့် နွေဦးရေ
ဝါရွှေရွှေ ဟောဟိုတောက
ကြွေလွင့်သူ ရွက်နှင့်ရောလို့
မှုန်ပြာရီ လေနယ်ကြောမှာ
မျောပျောက်တော့မလားဖန်ဆင်းရှင် ၊
မတားသာပါ…
သွားမှာကို
ကျန်ရစ်မြေ နွေမဆိတ်ပါလား
နိမိတ်ပုံတသီတတန်းရယ်နှင့်
စိတ်ဝိညာဉ် ပန်းချီခန်းမှာ
နွေဦးရေ …
လွမ်းပျော်မွှေ့ကြီး ... ”
( တက္ကသိုလ်ဘုန်းနိုင် )
နတ်ရှင်နောင် ရဲ့ကဗျာတစ်ပုဒ်ပါ …
ရွှေပြည်တောင်ငူ
နန်းမြင့်သူကို
တယူဆိုတမ်း
မေတ္တာမွှန်း၍
စစ်လမ်းမြေတာ
ချီလေရာဝယ်
နီလာရိုးရဲ
ရွှေခဲတချို့
ညို့ညို့လူလူ
ပန်းမဉ္ဇူကို
ရွှေကျေးတမာ
စေလွှတ်ကာဖြင့်
မေတ္တာလက်ဆောင် ပို့ချင်၏ ။ ။
နတ်ရှင်နောင် (ရတုဘုရင်)
ဧပြီလ ၇ ရက် ၊ ၂၀၀၇ ၊ အမှတ်တရ
မြတ်စောညီနောင် စေတီဝယ်
ဤမြေမှသည်
မျှော်မှန်းရည်၍
လက်ချီအုပ်မိုး
ဘယ်ဘယ်ခါ ရှိခိုးရမည်
ရည်ရွယ်ကြံအောက်မေ့ကာ
ဆုတောင်း၍သာ နေပါပြီ မေ ရယ် . . . ။