လူတွေသိမှ အလွမ်းလို့ မည်မယ်ဆိုရင် ငါ မင်းကို မလွမ်းချင်တော့ဘူး . . . ။

နေ၀န်း

ငါနှင့် မနက်ခင်း အသစ်များ


ငါနှင့် မနက်ခင်း အသစ်များ


မနက်ခင်းက အားလုံကိုဝါးမျို

ထားသိုမှုတွေက မတည်ကြည်

ဖြစ်တည်မှုသမိုင်းမှာတော့

နေရီရီ အနမ်းတွေ

တခန်းရပ်ခဲ့ပြီပေါ့

လွမ်းလိုက်တာ စပယ်ညိုရယ် . . . ။


နေ၀န်း




ကျွန်ုပ်၏ . . .

♠♠♠ နှောင်ကြိုး ♠♠♠


တွေကဆုံခဲ့တာ မဆန်းပေမဲ့

စွဲလန်းနေတာ ဆန်းနေတယ်

ခဏ ခဏ မတွေ့ရပေမဲ့

ပြင်းပြင်း ရှရှနဲ့

တသသ လွမ်းမိတယ် . . .

ရင်ထဲ ရှိပေမဲ့

ဖွင့်မပြောမိတာ ဘာကြောင့်လဲ

သံယောဇဉ်ကို အရောင်ဆိုးချင်တာ မဟုတ်ခဲ့ဘူး

အချိန်တွေ ပြောင်း

ရာသီတွေ ဟောင်းရင်း

သံယောဇဉ်တွေ အရောင်ရင့်ခဲ့တာပါ . . .

အရောင်မဆိုးပါဘူး

တွယ်တာမှုနဲ့ မြတ်နိုးလာတာ ..

အဝေးကို ထွက်မပြေးဖို့

ကြိုးတွေကို ထပ်တိုးချင်တယ်

သိမ်းပိုက်ခြင်းတော့ ကင်းပါတယ် . . . ။


နေ၀န်း




♠ ပျံသန်းခြင်း - ၁ ♠

ဂျစ်ပဆီ အိမ်မက်

တေလေ တစ်ယောက်ရဲ့ တွေဝေမှု့မျိုးနဲ့ .... ငါ... အနာဂါတ်ကို
လျှောက်လှမ်းနေမိတယ် … လေပြေတချို့ ရဲ့ ဒသနနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့
ငါ့ အတိတ်ဟာ ... လှပခဲ့ လိမ့်မယ် ဒါပေမယ့်... ယစ်မူးစရာကောင်းတဲ့
လင်းလက်မှု့မျိုး မဟုတ်တာတော့ သေချာတယ်...

နေခြည်...
ခိုလှုံခွင့်ပေးပါ လေလွင့်လာတဲ့ ရေစိုငှက်နှစ်ကောင်ကိုပေါ့ …နွေးထွေးမှု့တွေလည်း ပေးလှည့်ပါ အသိုက်အမြုံ မရှိတော့ တဲ့ ငှက်ငယ်နှစ်ကောင်ကိုပေါ့....
တောင်းပန်ပါတယ် လေပြင်းရယ်...
အနာဂါတ်မှာ ခဏလေးပဲ ဖြစ်ဖြစ် သာယာမှု့တွေ ပေးလှည့်ပါ …
ငါ့ နှလုံးသားတွေ ချမ်းလွန်းလို့ ကြည်ဖြူမယ်ဆိုရင် ရေကြည်တစက်လောက်
တိုက်လှည့်ပါ...ငါ့ နှလုံးအိမ်တွေ မောလွန်းလို့ ..
မနက်ခင်းရေ... တောက်ပမှု့တွေကင်းနေတဲ့ ငါ့အဆွေတော် မျက်လုံးတစုံကတောင် အနာဂါတ်ကိုကြောက်ရွံ့နေတယ်ထင်ရဲ့…
သူတို့တွေေ၀၀ါးနေကြတယ်...

တေးသီငှက်ဖတကောင်လို ကာရံမဲ့ တေးသွားတွေကို ဆိုငြီးပြီး လောကထဲ
ခရိးထွက်ခဲ့တယ်… ကြယ်ရောင်လောက် မလင်းပေမယ့် လင်းသလောက်နဲ့
အားပေးဖေါ်ရတဲ့ ပိုးစုန်းကြူးတကောင်ရဲ့ လမ်းပြမှု့ကြောင့် ရေးတေးတေး
ကောက်ကြောင်းတချို့ဟာ လူသွားလမ်းပဲလို့ ငါမြင်ခဲ့ တယ်.. ဒါပေမယ့်
ချစ်သူ ဆိုးဝါးတဲ့ ၀ိညာဉ်တွေရဲ့ လှိုင်းဒဏ်ကြောင့် နွေကမ္ဘာရဲ့ ရွက်ကြွေသံ
တခြောက်ခြေက် ကြားမှာ တဖြောက်ဖြေက်နဲ့ ငါ့ အိမ်မက်တွေ
ပျောက်ဆုံးခဲ့ရတယ်လေ . . . ။

နေ၀န်း

♠ ပျံသန်းခြင်း ♠

မာယာများတဲ့ လောကဓံ


ဘ၀ကို
အံစာတုံး တစ်ခုလို
လှည့်ကွက်တွေ အမျိုးမျိုးနဲ့
လောကဓံကို အံတုဖို့
ငါ.. ကြိုးစားခဲ့တယ်.....
မြင့်မားတဲ့ တောင်တန်းတွေကို
ကျော်ဖြတ်ခဲ့ရသလို
လှိုင်းကြမ်းတဲ့ ပင်လယ်ပြာတွေကိုလည်း
ကူးခတ်ခဲ့ရတယ်....
ချိုသာတဲ့ ကျေးငှက်တချို့ရဲ့
လှည့်ဖျားသံတွေ အဆုံးမှာတော့
ငါဟာ လောကကြီးကို
မှောက်လျက်ကူးနေပြီပေါ့ . . . ။


နေ၀န်း

လင်္ကာဒီပချစ်သူ

လင်္ကာဒီပချစ်သူ


----- ♠♠♠♠♠♠ -------


*ဒြာဝိဒိယန်သွေးဟာ နီဆွေးတယ်

တောင်ဆယ်လုံးက မြွေဟောက်တွေ

ရာဝဏ ဆိုတဲ့ ငါ သဂြိုလ်ပြာချ

ဒသဂီရိ ဆိုတာ အဲဒီကစတယ် ၊


*ဟိန္ဒူမြစ်ဝှမ်း တောင်ပိုင်းမှာ

မြိုင်ဟေ၀န်ဆိုတာ မထင်မရှား

ဟိမ၀န္တာလဲ မသိသူ အများသားနဲ့

ဒါပေမဲ့

ရာဝဏ ဘုရင်ဖြစ်လာတော့

မြင်မြင်သမျှ ပြားပြားဝပ်လို့ ..

မြင်းဖြူဆယ်ကောင် ဆွဲတဲ့ စစ်ရထား

ပြိုင်ဘက်ရှားလျှက်ပေါ့ ၊


*လက်အောက်ခံ ဘုရင်တပါး ဆက်သ

ချိုမြိန်လှတဲ့ အသူရာကြောင့်

ဒမ္မိကတောင်ခြေမှာ ခြေချ

ကံကြမ္မာ စေစားလို့ ရွှေပေလွှာရေခ

ပေလွှာထဲမှာ မယ်သီတာက ပြုံးလို့ . .


*ဒီလို့နဲ့

ငါ ရာဝဏ လေးတော်ကို မရအရ မခဲ့တယ် ၊

သုဝဏ္ဏဘုမ္မိက တစ်ရာသော မင်းတိုင်းကို

အနိုင်ပိုင်းလိုက်တယ် …

မယ်သီတာ .. မင်း ငါ့ကို ကြည်ဖြူရဲ့လား ၊

ပုလဲလုံး ခန်းဆီး လိုက်ကာကြားက

လှပလွန်းတဲ့ မင်းမျက်နှာ

စိုးရိမ်စိတ်များ ၀င်နေသလား ၊

မယ်သီတာ ရယ် .. .

ရေပြာပြာမှာ ရွှေပဒုမ္မာ တင့်တယ်သလို

မင်းမျက်နှာဟာလည်း ကျက်သရေ ရှိလှချည်ရဲ့ ၊


*သီတာ ရဲ့ အလှမှာ

မြင်ကထဲက မိန်းမူးရူးသွပ် ခဲ့တဲ့ ရာဝဏ

ရာမမင်းသားကြောင့်

အိပ်မက်က လန့်နိုးခဲ့ရပြီ ၊

ဝေဒနာကို မခံစားနိုင်လို့

ငါ့ရဲ့ စစ်မြင်းတွေကို ကဆုန်စိုင်း

မုန်တိုင်း တခုအဖြစ် ပြန်ပြေး

ဟိုး .. အဝေးကိုပေါ့

သီတာရယ် . . .

ငါ့ နှလုံးသားကတော့ သေဆုံးသွားပါပြီကွယ် ၊


*နွေ ဆယ်ကမ္ဘာ ရင်မှာပူလို့

အသဲ ကွဲကြေသူ ငါ ဒဿရင်မှာ

သီတာဒေ၀ီ ဆိုတာ အစဉ်အမြဲ ရှိနေပါလိမ့်မယ်လေ . . .


* ရန်စရှည်အောင် ရာမ ရန်ဆောင်လိုက်တာက

တူတော်နှစ်ယောက် လည်ပင်းမှာ

မြှားတန်းလန်းနဲ့ သွေးတွေ ပန်းထွက်လို့

သားရဲတွင်းမှာ

ကျားရဲတွေတောင် နိုင်တဲ့ နှမတော်က

ရင်ကွဲလို့ ကမ္ဘာမကြေ

သီတာဒေ၀ီ ကို ဆောင်ကျဉ်းဖို့

မောင်တော်အတွက် ဗျူဟာခင်းလို့

ရန်ကြွေးကို လက်စားချေ

မယ်သီတာ ရေ . . .

ငါ မင်းကို တကယ်မြတ်နိုးတာပါ ၊


* လင်္ကာဒီပ နန်းတော်မှာ

ဟိမ၀န္တာရဲ့ သခင်မအဖြစ် ခံစားရင်း

လက်ညှိုး ညွှန်ရာ ရေဖြစ်ဖို့

ကမ္ဘာပေါ်က ဘယ်အရာမဆို

မင်းလိုရင် ရာဝဏ ဆောင်ကျဉ်းပေးမှာပါ ၊


“ ဘီလူး လို ကြမ်းတမ်းတဲ့ ဘုရင် …

ရှင့် မျက်နှာကို ကျမ မမြင်ချင်ဘူး ..”

. . . . . . . . . . . . . . . . . . . . . . .

ပြောရက်လိုက်တာ သီတာရယ်

မင်းကို မြတ်နိုးတဲ့ ငါ့နှလုံးသား

ကျိန်စာ အမှားတွေနဲ့

နောက်တကြိမ် သေးဆုံးရပြန်ပြီကောကွယ် ၊

အစဉ်အမြဲ စိုပြေခဲ့တဲ့

ရာဝဏရဲ့ လင်္ကာဒီပ နန်းတော်

အခုတော့လည်း

သီတာရဲ့ အမုန်းငွေ့ နဲ့ ခြောက်သွေ့လို့ ၊

မယ်သီတာရယ် . . .

ဒဿဂီရိ ဟာ အချစ်ကြီးသူပါ ၊


*ညီတော်က သတိပေးခဲ့ဖူးတယ်

“ နောင်တော့် စစ်မြင်းရထား ရဲ့ မြှားကာ

ရင်အုပ်ပေါ်အောင် နိမ့်နေတယ် ၊

လေး မှန်တဲ့ ရန်သူ့မြှား

မြှားကာကို ကျော် နောင်တော့်ရင်ပေါ် ခနိုင်ပါတယ် ”

တိုက်ပွဲတိုင်း နိုင်တဲ့ ရာဝဏ အတွက်

ဒီစကားဟာ စော်ကားရာရောက်နေပြီ

မယ်သီတာ ရေ . . .

မင်းအတွက်နဲ့ သွေးချောင်းစီး တိုက်ပွဲကြီး

ရာဝဏ ဆင်နွှဲရတော့မယ် ၊


*ဒီပွဲမှာ ရာဝဏရဲ့ အိမ်ရှေ့စံက

ရာမ ထံမှာ သစ္စာခံသွားတယ်

ညီအကိုကြားထားတဲ့ မေတ္တာကိုမှ မထောက်

သစ္စာဖောက်သွားတဲ့ ညီတော်

ကမ္ဘာကြေသော်လည်း ငါမကြေဘူး ၊

တိုက်ပွဲအတွင်း

သားရဲတွင်းက ရွှေလှောင်အိမ်မှာ

စိုးရိမ်စွာ ထားခဲ့ရတယ်

ခွင့်လွှတ်ပါ သီတာ

ရာဝဏရဲ့ သူရဲကောင်းဘ၀ မင်းရှိမှ ပြည့်စုံမှာပါ

လင်္ကာဒီပကို ကျူးကျော်သူ ဘယ်သူမဆို

စစ်ရထားနဲ့ နင်း အပြီးရှင်းပစ်မယ်

ရာမ ရယ် . .

ရာဝဏ အကြောင်း ကောင်းကောင်း သိစေရမယ် . . ၊


*တောင်ဆယ်လုံးကို ခံတပ်အဖြစ် သုံးဖို့

စီမံခဲ့တာက ညီတော်

ဒီတော့ လျှိ့ဝှက်ချက်ဆိုတာ မရှိတော့ဘူး ၊

ညီတော် . . .

သင်း လက်ချက်ကြောင့်

ခိုင်လုံ လှတဲ့ တမ္မ၀တီတွေကို ဖောက်

အခုတော့

ရာမဟာ ငါ့ရှေ့မှောက်ကို

အလွယ်တကူ ရောက်လာခဲ့ပြီလေ ၊

စစ်ရထားကို ကဆုန်စိုင်း

လက်နက်ဆိုတာ ငါ့လက်မှာ မကျန်တော့တဲ့အထိ

ရာမဆီ ပစ်လွှတ်

စန်းထနေတဲ့ ရာမ လက်နက်က တခုမှ မခဘူး ၊

ရာမ လေးတင်တာကို မှုန်ဝါးဝါးနဲ့

အဝေးကနေ မြင်လိုက်ရတယ်

မကြာလိုက်ဘူး

မြှားတစင်းဟာ စစ်ရထားမြှားကာကို ကျော်

ငါ့ ရင်ပေါ်ကို စိုက်ဝင်လို့ …


*သြော် … ညီတော်ရယ်

စစ်ရထားရဲ့ မြှားကာ

နိမ့်နေပါတယ်လို့ ပြောခဲ့တဲ့ မင်းစကား

ငါ အလေးမထားခဲ့ဘူး ၊

အခုတော့ . . .

ရာမရဲ့ မြှားတွေ တစင်းပြီး တစင်း

ငါ့ ရင်ထဲမှာ . . . . . ။


*အမှောင်တိုက်ထဲ ကျခဲ့တဲ့ ရာဝဏ

သတိရလို့ ကြည့်လိုက်တော့

ဝေဒနာတွေရဲ့ အစ

ရွှေပေလွှာရခဲ့တဲ့ ဓမ္မိကတောင်ခြေမှာ ရောက်နေပြီ ၊


*ဒြာဝိဒိယန် ပြည်သူတွေ ငိုကြွေးကြ

မျက်ရည်တွေနဲ့ နှုတ်ဆက်ခံ

ဒြာဝိဒိယန် ဘုရင်တွေ ခြေချခဲ့တဲ့

ကျောက်ဆောင်မြင့်မြင့် နဲ့

မဲမှောင်လှတဲ့ သုဿန်လွင်ပြင်မှာ

ဘ၀ကို အဆုံးမသတ်ချင်တဲ့ ရာဝဏ

ဆန္ဒတခုတော့ ပြည့်ခဲ့ပြီ ၊


*မယ်သီတာရယ် . . .

ဒီအချိန်မှာ မင်းသာ ငါ့ဘေးမှာ ရှိခဲ့ရင်

ဒဿဂီရိဆိုတဲ့ သူရဲကောင်းဘဝ

စွန့်လွှတ်ရကြိုး နပ်မှာပါ

ရာဝဏရင်တွေ ပူနေပြီ သီတာ

အေးမြတဲ့စမ်းရေတွေလည်း

ငါ့ ရင်ကို မအေးစေနိုင်တော့ဘူး

ငါ မြတ်နိုးတဲ့ သီတာ

ရာဝဏ အဖြစ်ကို မင်းမြင်လှည့်ပါ ၊

ဒီအချိန်မှာ

ငါ အတမ်းတဆုံးက မင်းပါ သီတာရယ် . . .


*အရာရာမှာ ပိုင်ဆိုင်ခဲ့တဲ့ ရာဝဏ

မင်းကိုတော့ မပိုင်ဆိုင်လိုက်ရဘူး သီတာ

ဒါပေမဲ့ . . .

ဒဿရင်ထဲ သီတာ အမြဲရှိနေမှာပါ

ဒီဘ၀မှာ ဝေးခဲ့ရပေမဲ့

ရာဝဏ နောင်ဘ၀ကနေ စောင့်နေမှာပါ ၊

ကြည်ဖြူစွာ လက်မတွဲခဲ့ရပေမဲ့

ရာဇ၀င်မှာ . . .

သီတာဒေ၀ီကို စာတင်လောက်အောင် ချစ်ခဲ့တဲ့

လင်္ကာဒီပ ချစ်သူဆိုတာ

ငါ ပါ . . . . . . . . . . . . .။


နေ၀န်း

၂၀ . ၀၂ . ၂၀၀၄

သောကြာနေ့

အိပ်မက် အခန်းပျက်များ

မေ့မရတဲ့ အတိတ်တွေ

အရိပ်လိုပဲ

အမြဲကပ်လိုက်နေတယ် ၊

မေ ရေ ..

ဒီလိုညတွေမှာပေါ့

အမှောင်တံခါးတွေဖွင့်

နွမ်းရင့်ရင့် အလွမ်းတွေနဲ့

မောင် ကျူးဟစ် မိတယ်

“ မေ့ ကိုလွမ်းတယ် ” လို့ ၊

အမှောင်ကိုခွင်း

အလင်းရောက်ပြန်တော့လည်း

အတိတ်ည နဲ့ အိပ်မက်အခန်းပျက်တွေ အကြောင်း

လွမ်းကောင်းဆဲပေါ့ ၊

ဒီလိုနဲ့ ..

ရင်ထဲမှာ

မြူနှင်းတွေ ဝေကြပြန်ပြီလေ ...။


နေ၀န်း